ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာနှင့် ဖြစ်ပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူတွင် တရားမျှတသော ဆုံးဖြတ်ချက်ကို တောင်းဆိုနေကြောင်း ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က ဒက္ကားမြို့တွင် ပြုလုပ်သော ရေပြင်နယ်နမိတ်နှင့် ပတ်သက်သော နှီးနှော ဖလှယ်ပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
အဆိုပါ နှီးနှောဖလှယ်ပွဲအား ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အဖွဲ့က (Bangladesh Institute of International Strategic Studies (BIISS) ကြီးမှူး ပြုလုပ်ခဲ့သည်။
မြန်မာ-ဘင်္ဂလာ ရေပြင်ပိုင်နက် အငြင်းပွားမူကို နိုင်ငံတကာ ခုံရုံးက ၂၀၁၁ ခုနှစ် စက်တင်္ဘာ ၈ ရက်နေ့ စတင် ကြားနာ စစ်ဆေးခဲ့ပြီးနောက် ဆုံးဖြတ်ချက် မထွက်ပေါ်လာမှီ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားလိုက်ခြင်း ဖြစ်သည်။
အငြင်းပွား ရေပြင်ပိုင်နက်နှင့် ပတ်သက်ပြီး ကြားနာ စစ်ဆေးမူကို ဂျာမဏီနိုင်ငံ ဟန်းဘက်ဂ် မြို့ရှိ ကုလသမဂ္ဂ လက်အောက်ခံ အိုင်တီအယ်လ်အို ဟု အတိုကောက်ခေါ်သည့် International Tribunal for the law of Sea နိုင်ငံတကာ ရေပြင်ဆိုင်ရာ ဥပဒေ ခုံရုံးတည်ရှိရာတွင် ပြုလုပ်ခဲ့သည်။
ကုလ ခုံရုံးက ဘင်္ဂလာဒေခ်ျ့ကို ၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၈ ရက်၊ ၉ ရက်၊ ၁၂ ရက်နှင့် ၁၃ရက်နေ့များတွင် ကြားနာ စစ်ဆေးခဲ့ပြီုး မြန်မာကို စက်တင်္ဘာ ၁၅၊ ၁၆၊ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကြားနာ စစ်ဆေးခဲ့သည်။
ဒုတိယ အကျော့ ကြားနာ စစ်ဆေးမူကို ဘင်္ဂလာဒေခ်ျ့အတွက် ၂၀၁၁ ခုနှစ် စက်တင်္ဘာ ၂၁ နှင့် ၂၂ ရက်နေ့များတွင် ပြုလုပ်မည် ဖြစ်ပြီး မြန်မာကို စက်တင်္ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံစလုံးက ကုလသမဂ္ဂ၏ အောက်တွင် ရေပြင်ပိုင်နက် အငြင်းပွားမူကို ဖြေရှင်းရန် သဘောတူခဲ့ကြသဖြင့် ကုလသမဂ္ဂကမု ယခုကဲ့သို့ ခုံရုံးကို ဖွဲ့စည်းပေးခဲ့ကာ နှစ်ဘက် နိုင်ငံမှ ရှေ့နေများ၏ လျှောက်လဲချက်များနှင့် တင်ပြသော စာရွက်စာတန်းများကို ကြားနာ စစ်ဆေးခဲ့သည်။
နှစ်နိုင်ငံကြား ရေပြင်ပိုက်နက် အငြင်းပွားမူကို ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အဆိုပါ ခုံရုံးက အပြီးသတ် ဖြေရှင်းပေးမည် ဖြစ်သည်။ ခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် နှစ်ဘက်နိုင်ငံက လေးစားလိုက်နာပါက တစ်စုံတရာ ပြဿနာ မပေါ်ပေါက်နိုင်သော်လည်း ဆုံးဖြတ်ချက် အပေါ် သဘော မတူနိုင်ပါက ပြဿနာများ ဆက်လက် ပေါ်ပေါက်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။
နိရဉ္စရာမှ ကူးယူဖော်ပြသည်။
No comments:
Post a Comment